9.05.2010

ဘာလုပ်နေတာလား နှင့် နောက်ဆက်တွဲအဖြေများ

နှစ်ဦးနှစ်ဖက်သဘောတူရင် ခင်ဗျားလက်တွေ စရွေ့ လို့ ရပြီ၊
ကောင်မလေးကို သီချင်းဆိုခိုင်းထားလိုက်လေ၊အဲဒီသီချင်းက
သွေးတစ်စက်စက်ကျတယ်၊ Love is Blind ၊ အချစ်မှာ မျက်စိမရှိဘူး
သွားမလုပ်နဲ့ ဗျ၊ အနောက်တိုင်းအချစ်နဲ့  ကျွန်တော်များ Love နည်းနည်းတော့ကွာမယ်
ဟိုတယ်ခ တစ်ယောက်တစ်ဝက်ရှင်းတဲ့ စနစ်မှာ
" ....................ခွမ်း................."
ပန်းအိုးလေးကျကွဲသွားပုံဟာ အကောင်းဆုံးပြက်လုံးပဲ။
ခေတ်ကိုက အမဲရွတ်တွေပဲ ဘာဘီကျူ လုပ်စားလို့ ရတော့တယ်။
တွေ့ လား....ပြောရင်းနဲ့  အဲဒီရောက်ရောက်သွားတာ။
ဂျပန်မ တစ်ယောက်ကပြောတယ်၊
"ရှင်တို့  စကားလုံးတွေက အဝိုင်းအဝိုင်းတွေချည်းပဲ "
ကျွန်တော်ပြန်ပြောလိုက်တယ်၊
"အဲဒီ အသုံးမကျတဲ့  အဝိုင်းတွေက ငါ့ရဲ့  သတ်သေမှုကို အချိန်ဆွဲနေကြတာ "
ဖြစ်တယ် ပျက်တယ်
ဖြစ်တယ် ပျက်တယ်
ဖျက်တယ် ပစ်တယ်
ဖျက်တယ် ပစ်တယ်
"အဲသည်နေရာကို ထိသွားပါတယ် ခင်ဗျာ " ပေါ့၊
အပေါက်ခပ်ကြီးကြီးနဲ့  လူတစ်ယောက်။
မှောက်ချင်တာမှောက်ဗျာ၊ ထမင်းအိုးတော့ မမှောက်ကြနဲ့ ၊
ကျွန်တော့်အဘွားက ကဗျာဆိုတာကို သိပ်နားမလည်သေးလို့ ၊
"ဘာရောဂါလည်းတော့မသိဘူးဒေါက်တာ"
"ကဗျာတစ်ပုဒ်ပြီးတိုင်း မောမောကျန်ခဲ့ တယ် "
"......ဘာဗျ..............
ငါးပါးသီလကို မနက်တစ်ခါ နေ့ လည်တစ်ခါ ညတစ်ခါ သောက်ရမယ်....ဟုတ်လား"
အဲဒီဆေးက ခားတယ်ဗျ.....။
ဒီလို စားဝတ်နေရေး မေဂျာခေတ်မှာ သေရင်ပါမှာတစ်ခုပဲရှိတယ်၊
အိမ်ကမိန်းမ နောက်ယောက်ျားနောက်။
ကဲပါ......
နောက်တစ်ရွက်မလှန်ခင် ဒါလေးလိုက်ဆိုကြည့်၊
"ပြုခြင်းကိုဖြစ်စေ၊ဖြစ်ခြင်းကိုဖြစ်စေ၊ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို တြိယာဟု ခေါ်သည်။"
သေချာတာက ဒီတစ်ပုဒ်လုံး တြိယာ လုံးဝမပါတာ
သတိမထားမိဘူးဟုတ်၊
အင်း........ဒါလည်းတစ်မျိုး.....။ ။

No comments:

Post a Comment